ပဋိသန္ဓေယူသောနေ့ လင်္ကာ+စကားပြေ
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။
= လူသုံးပါးတို့၏ မြတ်စွာဘုရားကို ကျွန်ုပ်ရှိခိုးပါ၏။ ဘုရားအလောင်းသည် တစ်သောင်းသော စကြာဝဠာမှ နတ်ဗြဟ္မာများက ညီညီညာညာစုရုံးတောင်းပန်မှုကြောင့် အချိန်အခါအရ ပင်ကိုသဘာဝအား ဖြင့် ရွှန်းရွှန်းစိုဝေနေသော ဝါဆိုလပြည့် ကြာသပတေးနေ့တွင် ချမ်းမြေ့ကြည်ဖြူစွာ ပဋိသန္ဓေယူပါသည်။ ဤသို့ ပဋိသန္ဓေယူသည်မှာ နတ်လူများ ငြိမ်းအေးဖို့ ကိန်းခန်းကြုံလာခြင်းပင် ဖြစ်ပါသည်။
ဖွားမြင်တော်မူသောနေ့ လင်္ကာ+စကားပြေ
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။
= သန္ဓေယူပြီး၍ ဆယ်လကြာသောအခါ မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၌ ချမ်းမြေ့စရာအစုံစုံ စီရရီရှိနေသော လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်မှာ မြေကြီးတုန်လှုပ်ကာ ဖွားမြင်တော်မူလာပါသည်။ ဤသို့ ဖွားမြင်တော်မူလာသည်မှာ နတ်လူတို့၏အောင်မြို့ နိဗ္ဗာန်ရနိုင်ရန် လမ်းစပင် ဖြစ်ပါသည်။
တောထွက်တော်မူသောနေ့ လင်္ကာ+စကားပြေ
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။
= ဘုရားလောင်းသည် ဖွားမြင်ပြီး၍ ပျိုဖြစ်နုနယ်သော ဆယ့်ခြောက်နှစ်အရွယ်၌ ရွှေနန်းသုံးဆောင် ကိုသိမ်းယူ၍ ဆယ့်သုံးနှစ်ကြာအောင် ဘုန်းကံကြီးမားစွာ စံမြန်းတော်မူပါသည်။ နုပျိုပြည့်ဖြိုးဆဲဖြစ်သည့် နှစ်ဆယ့်ကိုးနှစ်အရွယ်မှာ နိမိတ်လေးမျိုးကို နတ်များပြသည့်အကြောင်းကြောင့် ရွှေစိတ်တော် မချမ်းမသာ ဖြစ်ရပါသည်။ (သင်္ခါရတရားတို့နှင့် ပတ်သတ်၍) ထိတ်လန့်သော စိတ်များဖြစ်ပေါ်ပြီး ဝါဆိုလပြည့်၊ တနင်္လာနေ့မှာ တောထွက်တော်မူပါသည်။ ထိုအခါမှစ၍ တောမြိုင်လယ်က သစ်ပင်ရိပ်ကျောင်းသင်္ခမ်းမှာ ဒုက္ကရစရိယာ ကျင့်နေပါတော့သည်။
ဘုရားဖြစ်တော်မူသောနေ့ လင်္ကာ+စကားပြေ
၎။ တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အလျှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။
= ဘုရားအလောင်းသည် တောရိပ်မြိုင်အတွင်း ဒုက္ကရစရိယာကို ခြောက်နှစ်ကျင့်ပြီး၍ ဘုရားအဖြစ် ပွင့်ချိန်တန်သည့် ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ မြင့်မြတ်သောမြေအပြင်ရှိ ပလ္လင်တော်ထက်က ထီးကဲ့သို့ မျက်နှာကြက် ဖြန့်မိုးကာနေသော ဗောဓိညောင်ပင်အောက်မှာ ကြည်လင်ချမ်းမြေ့စွာ ထိုင်နေတော်မူပါသည်။ ထိုစဉ် (ပလ္လင်တော်ကို လိုချင်၍) လာရောက် တိုက်ခိုက်သော မိုက်မဲသူ မာရ်နတ်နှင့်စစ်သည်အပေါင်းကို ပယ်ဖျောက်ကာ အောင်မြင်တော်မူပါသည်။ မိုးသောက်ယံမှ ဘုရားအဖြစ်သို့ ရောက်တော်မူ၍ စကြာဝဠာတစ်သောင်းလုံး ပျံ့နှံ့ကျော်ကြားတော်မူပါသည်။ ဤသို့ ဘုရားဖြစ်တော်မူလာသည်မှာ လူသုံးပါးတို့ ငြိမ်းအေးဖို့ပင် ဖြစ်ပါသည်။
ဓမ္မစကြာဟောတော်မူသောနေ့ လင်္ကာ+စကားပြေ
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။
= ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီးသောအခါ မိဂဒါဝုန်တောသို့ ခြေလျင်ကြွသွားတော်မူ၍ ပဉ္စဝဂ္ဂီ ငါးပါးနှင့် စကြာဝဠာတိုက်တစ်သောင်းမှ ချဉ်းကပ်၍ ရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ထိုနှစ်ဝါဆိုလပြည့်၊ စနေနေ့မှာ ဓမ္မစကြာတရားတော်ကို အထူးတလည် ဟောကြားတော်မူပါသည်။ ထိုသို့ တရားဟောကြားသည်မှာ နတ်တို့၏စည်ကြီးကို တီးခတ်သကဲ့သို့ပင် ဖြစ်ပါသည်။
ပရိနိဗ္ဗာန်စံတော်မူသောနေ့ လင်္ကာ+စကားပြေ
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။
= မြတ်စွာဘုရားသည် နတ်တို့၏စည်ကြီးနှင့်တူသော တရားဒေသနာတော်ကို လှည့်လည်ဟောကြား၍ ဘုံသုံးပါးနှင့်စကြာဝဠာတိုက်ပေါင်း တစ်သောင်းမှ လူနတ်ဗြဟ္မာသတ္တဝါများကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါသည်။ ဤသို့အားဖြင့် ဝါတော်လေးဆယ့်ငါးဝါရှိ၍ သက်တော်ရှစ်ဆယ်ပြည့်ပြီး မဟာသက္ကရာဇ် ၁၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါသည်။ မလ္လာမင်းတို့၏ ကုသိနာရုံမည်သော အင်ကြင်းဥယျာဉ် အတွင်း၌ (ထို ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင်) ပရိနိဗ္ဗာန်စံတော်မူပါသည်။ ထိုသို့ ပရိနိဗ္ဗာန် စံတော်မူချိန်တွင် စကြာဝဠာ တစ်သောင်းလုံး ကမ္ဘာမြေကြီးသည် လှုပ်ခါလျက် ကျော်ကြားခဲ့ပါသည်။
တေဇောဓာတ်လောင်တော်မူသောနေ့ လင်္ကာ+စကားပြေ
၇။ နိဗ္ဗူစံပြီး၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
= ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးသည့်အခါ ကြည့်ရှု၍ မငြီးငွေ့နိုင်လောက်အောင် ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအလောင်းတော်ကို ထိုနှစ်ကဆုန်လဆုတ်၊ တနင်္ဂနွေနေ့ တစ်နေ့မှာ အခိုးအငွေ့မပါ သန့်ရှင်းသော တေဇောမီးဓာတ်က လောင်ကျွမ်းပူဇော်ပါသည်။ ဗုဒ္ဓ၏အဓိဋ္ဌာန်ချက်အရ ဤသို့ လောင်ကျွမ်းခြင်း ဖြစ်ပါသည်။ ဤသို့ လောင်ကျွမ်းပြီးနောက် မွေတော်ရှစ်စိတ် ကြွင်းကျန်ရစ်ခဲ့ပါသည်။
ထိုခုနှစ်နေ့ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။
= ဗုဒ္ဓ၏ သာယာချမ်းမြေ့ဖွယ်ကောင်းသော ခုနှစ်နေ့ဖြစ်တော်စဉ်ကို ဆွတ်ဆွတ် ကြည်လင်အောင် အာရုံယူလျက် လူသုံးပါးတို့၏ ဝိသုဒ္ဓိနတ်ဖြစ်၍ အမြတ်တကာတို့ထက်မြတ်သော မြတ်စွာဘုရားကို ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူသော ရှိခိုးခြင်းသုံးမျိုးတို့ဖြင့် သဒ္ဓါတရားများစွာ ကျွန်ုပ်ရှိခိုးပါ၏။ ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့် ကောင်းကျိုးမှန်သမျှ ပြည့်ဝပါစေသတည်း။
ဆောင်။ ။ မ သိ ကြ လတ်၊ တွေး ဆ အပ်၊ နေ့မြတ်ခုနစ်ထွေ။ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို၊ ဆု၊ ဖွါး၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် တဖုံ လကဆုန်။
No comments:
Post a Comment