စာအုပ်စာပေ လူ့မိတ်ဆွေ
“စာအုပ်စာပေ လူ့မိတ်ဆွေ” ၊ မောင်မယ်အများ အသိပေ။
သိသည့်အတိုင်း မြတ်စာပေ၊ အားလပ်တိုင်းလည်း ဖတ်ကြလေ။
စာအုပ်စာပေ စာကောင်းများ၊ ဆရာပမာ တန်းတူထား။
ဆရာသမားဆိုသည်မှာ၊ ရိုသေရမြဲ ထုံးစံပါ။
မကြောက်နဲ့
ကြီးပွားအောင်မြင်ချင်ရင်…………..
၁။ကြိုးစားရမှာ………မကြောက်နဲ့။
၂။လူပင်ပန်းမှာ……….မကြောက်နဲ့။
၃။အချိန်ကုန်မှာ……..မကြောက်နဲ့။
၎။လူကဲ့ရဲ့မှာ………..မကြောက်နဲ့။
၅။အခက်အခဲတွေ့မှာ……….မကြောက်နဲ့။
မကြောက် ၅ပါး၊ ကိုယ်မှာထား၊ ကြီးပွားချမ်းသာမည်။
သူတော်ကောင်း
သဒ္ဓါရှိမူ၊ စိတ်ကြည်ဖြူ၊ ကောင်းသူခေါ်ရပါ။
ပညာရှိမူ၊ စွမ်းအားယူ၊ တော်သူခေါ်ရပါ။
တော်လည်းတော်စေ၊ ကောင်းပါစေ၊ နှစ်ထွေညီမှသာ။
ကောင်းကျိုးသုခ၊ အစုံရ၊ မုချမြဲသေချာ။
ဘုရားမကြိုက်တဲ့လူမိုက်(၁၀)ယောက်
၁။ သနားညှာတာ ကင်းမဲ့ကာ သူ့သက်သတ်တာ လူမိုက် လူမိုက်။
၂။ လောဘတဏှာ များပြားကာ၊ သူ့ဟာခိုးတာ လူမိုက် လူမိုက်။
၃။ သူ့သားအိမ်ရာ၊ လွန်ကျူးကာ၊ ပြစ်မှားသူ့ဟာ လူမိုက် လူမိုက်။
၎။ လျှာအလိုလိုက်ကာ၊ ရက်သေစာ၊ သောက်စားသူးဟာ၊ လူမိုက်လူမိုက်။
၅။ အမှန်ကင်းကွာ၊ အမှားပါ၊ လိမ်ညာပြောတာ လူမိုက် လူမိုက်။
၆။ နှစ်ဦးချစ်ရာ၊ ကွဲစေတာ၊ ကုန်းချောသူဟာ လူမိုက် လူမိုက်။
၇။ မချိုမသာ ကြမ်းတမ်းစွာ၊ ဆဲဆိုပြောတာ လူမိုက်လူမိုက်။
၈။ အနှစ်မပါ၊ အကျိုးမဲ့စွာ၊ အတင်းပြောတာ လူမိုက် လူမိုက်။
၉။ ၀ိသမလောဘ၊ များပြားကာ၊ မတရားလိုချင်တာ လူမိုက် လူမိုက်။
၁၀။ ဒေါသ၊ ဣဿာ၊ များပြားကာ၊ မကောင်းကြံတာ လူမိုက် လူမိုက်။
၁၁။ အမြင်မဲ့ကာ၊ ဉာဏ်မပါ၊ အယူမှားတာ လူမိုက် လူမိုက်။
၁၂။ ဒုစရိုက်(၁၀)ဖြာ၊ လွန်ကျူးကာ၊ အပါယ်သွားတာ၊ လူမိုက်လူမိုက်။
ဆောင်ပုဒ်
။ ။ သတ်၊ခိုး၊ ကာမော၊ လိမ်၊ ချော၊ ကြမ်း၊ သိမ်၊ စည်းစိမ်လိုလား၊ ပျက်စီးအား၊
ယူမှားဒုဆယ်တန်။ (ဒု=မကောင်းသော၊စရိုက်=အကျင့်)
ကိုယ်ချင်းစာတရား(၇)ပါး
၁။ သူ့အသက်အား၊သတ်လိုငြား၊ စဉ်းစားကိုယ်ချင်းစာ။
၂။ သူ့ဥစ္စာများ၊ ခိုးလိုငြား၊ စဉ်းစားကိုယ်ချင်းစာ။
၃။ သူ့သားမယား၊ မှားလိုငြား၊ စဉ်းစားကိုယ်ချင်းစာ။
၎။ လိမ်ညာစကား၊ ပြောလိုငြား၊ စဉ်းစားကိုယ်ချင်းစာ။
၅။ ကုန်းချောစကား၊ ပြောလိုငြား၊ စဉ်းစားကိုယ်ချင်းစာ။
၆။ ဆဲရေးစကား၊ ပြောလိုငြား၊ စဉ်းစားကိုယ်ချင်းစာ။
၇။ တင်းဖျင်းစကား၊ ပြောလိုငြား၊ စဉ်းစားကိုယ်ချင်းစာ။
ကိုယ်ချင်းစာတရား၊ ခုနစ်ပါး၊ ဟောကြားမြတ်ဗုဒ္ဓါ။
လိုက်နာကျင့်လျှင်၊ မျက်မှောက်တွင်၊ ပျော်ရွှင်ချမ်းသာရာ။
သေပြန်လျှင်လည်း၊ မှန်မလွဲ၊ ရမြဲနတ်ချမ်းသာ။
ချမ်းသာကိုရှာ၊ များသူငှာ၊ လိုက်နာကျင့်အပ်စွာ။
ကိုယ်ချင်းမစာလျှင်၊ လူ့ဘုံတွင်၊ လူစဉ်မမီပါ။
မိသားစုချမ်းသာဖို့
မိသားစုတွေ ကောင်းကျိုးစိုက်ဖို့၊ မိဘအကြိုက်လိုက်ပါ့မယ်။
ညဏ်ရည်တက်ဖွယ် စာကြိုးစားလို့၊ ဘိုးဘွားဆရာ ရိုသေမယ်။
ကစားချိန်ကစား စားချိန်စားလို့၊ အသွားအလာဆင်ခြင်မယ်။
ဘိုးဘွားဖေဖေ မိဘများက၊ သားသမီးအကြိုက်လည်း လိုက်ပါကွယ်။
သူငါ အကြိုက်သာ လိုက်လျောကြရင်၊ မနောချမ်းမြေ့ ပျော်ရွှင်ဖွယ်။
ကြိုက်တယ်…..လိုက်မယ်……….။
ကိုယ်ပေါင်းစိတ်ခွာ
ဆရာ = လူမိုက်ဆိုလျှင် အဖော်မလုပ်နဲ့၊ မင်္ဂလသုတ်က ဆုံးမတယ်။
တပည့် = မရှောင်သာလျှင် ဘယ့်နှယ်လုပ်ပ၊ စိတ်ရူပ်စရာ ကောင်းလှတယ်။
ဆရာ = ကိုယ်ပေါင်းစိတ်ခွာ အလိုက်သင့်ပဲပေါ့၊ အမိုက်ကျင့် မစွဲအောင် ရှောင်ရမယ်။
တပည့် = ရှောင်ပါ့မယ် ရှောင်ပါ့မယ်။
ကိုယ်လုံးလှနဲ့ နှလုံးလှ
နုတ်ခမ်းနီပါးနီ ဆံနွယ်သလို့ ၊ မျက်ခွံအလှ မိတ်ကပ်ခြယ်။
ကိုယ်လုံးလှအောင် ပြင်ဆင်ကြတော့၊ ကိုယ်လုံးကဖြင့် မက်စဖွယ်။
ကိုယ်လုံးမက်တာ တန်ဖိုးလားဟေ့၊ စဉ်းစားပါအေ့ လုံမငယ်။
နှလုံးလှတာ ရှာမှရှားကွဲ့၊ ဉာဏ်ကြီးရှင်များ ကြည်ညိုတယ်
မှတ်ကွယ် မှတ်ကွယ် ---။
လူ ၂-စား
၁။ အိပ်လိုက်စားလိုက်၊ မေထုန်လိုက်၊ လူမိုက်တိစ္ဆာန်။
၂။ ထိန်းတတ် တည်တတ်၊ သိမြင်တတ်၊ လူမြတ် ဆုထူးပန်။
များရှစ်များ ရှောင်ပါ
အိပ်များ၊ စားများ၊ ပစ္စည်းများ၊ ရယ်များ၊ ပြောများ၊
ကိစ္စများ၊ လည်များ၊ ရောများ၊ များရှစ်-များ၊ ပျက်ပြားပါရမီ။
လူကြမ်းပိုး (၉)ယောက်
ဝတ်ကြမ်းစားကြမ်း၊ သွားထိုင်ကြမ်း
အိပ်ကြမ်းစားကြမ်း၊ ကိုယ်နူတ်ကြမ်း
သင်ကြမ်း ကြမ်းကိုး၊ လူကြမ်းပိုး။
ကျေးဇူးရှင်၂-မျိုး
မုန်းသူဆိုတာ ကျေးဇူးရှင်ပါ၊ ကိုယ့်ဆိုးကွက် ကက်သက် ဖော်ထုတ်ရှာ။
ချစ်သူဆိုတာ ကျေးဇူးရှင်ပါ၊ ကိုယ်ကောင်းကွက် သက်သက် ဖော်ထုတ်ရှာ။
ဆိုးကွက်ဆိုတာ၊ ပယ်ကာစွန့်ကာ၊ မြူမူန်မျှ တစ်စမချန်ပါ။
ကောင်းကွက်ကိုသာ၊ ပွားကာများကာ၊ ရုပ်နာမ် လုံး ခြယ်မှုန်းမင်္ဂလာ။
ဒါမှ သူတော်ကောင်း
သူတော်ကောင်း သူတော်ကောင်း၊ သူတော်လာအောင် ကိုယ်ကကောင်း…။
သူမတော်လည်း ကိုယ်ကကောင်း၊ သူမကောင်းလည်း ကိုယ်ကကောင်း….။
ဒါမှသူတော်ကောင်း။
အယုံမလွယ်နဲ့
သူစိမ်းပြင်ပြင် တစ်ဖက်သားးကို၊ အူယားဖားယား မခင်တွယ်။
စရိုက်ကျင့်ကြံ တကယ်ကောင်းမှ၊ အပေါင်းအသင်း လုပ်သင့်တယ်။
ကောင်း-မကောင်းဆို အတူနေပေါင်းကြည့်၊ အကြောင်းသိ လို့ ရေလည်မယ်။
ကောင်းမကောင်းဆို ကြာရှည်ပေါင်းကြည့်၊ အကြောင်းသိလို့ ရေလည်မယ်။
ကောင်းမကောင်းဆို သတိယှဉ် ပေါင်းကြည့်၊ အကြောင်းသိလို့ ရေလည်မယ်။
ကောင်းမကောင်းဆို ဉာဏ်ယှဉ် ပေါင်းကြည့်၊ အကြောင်းသိလို့ရေလည်မယ်။
မရေလည်ခင် မယုံလိုက်နဲ့ ၊ အငိုက်မိမှာ စိုးလှတယ်။
သတိကွယ်----- သတိကွယ် -----။
ဒါမှ လူလိမ္မာ
သူများတွေကို မထိပါးနဲ့၊ ကိုယ့်လိုစိတ်ထား ကိုယ်ချင်းစာ။
ရွှေ ငွေ ဥစ္စာ ဆိုင်ရာများ၌ ၊တရားသဖြင့် သန့်ရှင်းပါ။
နုတ်စည်းစောင့်ကာ နေထိုင်တတ်လို့၊ ရိုးသားဖြောင့်မတ် တည်ကြည်ပါ။
ကိုယ့်ပမာဏ၊ ကိုယ်သိကြ ၊ ငါးဝ ကျင့်သိက္ခာ။
အဖိုးတန်တဲ့၊ မြန်မာ့ဝါဒ၊ ဒါမှ လူလိမ္မာ။
သံဝေဂ ယူကြစို့
နုနယ်ရုပ်ဆင်း၊ မျိုမျစ်ခြင်းကား၊ အိုးမင်းနောက်ဆုံးပါ တကား။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေ့ကွင်းနောက်ဆုံး ပါတကား။
ဝိဉာဏ်ထင်လင်း၊ သက်ရှည်ခြင်းကား၊ သေခြင်းနောက်ဆုံး ပါတကား။
တက်ကြွား ကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံး ပါတကား။
ခုံမင် ခ-ယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးပါတကား။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးပါတကား။
ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံးပါတကား။
လျှာဓားမကြီး
ပါးစပ်မှာပေါက်၊ ကြောက်ဖွယ်အင်္ဂါ၊
လျှာဆိုသည့်ဓား၊ ထက်ငြားမှန်စွာ၊
မကောင်းစကား၊ ပြောကြားသည့်အခါ၊
ထိုသည့်ဓား၊ ကိုယ့်အားဖြတ်သည်သာ။
ဥစ္စာပျောက် ငရဲရောက်
ဥစ္စပျောက်လျှင် ရမ်းမစွဲနဲ့၊ လူမုန်းများလို့ ဆင်းရဲမယ်။
မဟုတ်မမှန် စွပ်စွဲမိတော့၊ ဒေါသထွက်လို့ ရန်ဖြစ်လွယ်။
ကိုယ့်ပစ္စည်းကို သေချာသိမ်းလို့၊ စည်းကမ်းရှိဖို့လိုအပ်တယ်။
မဟုတ်မမှန်ဘဲ ရမ်းစွပ်စွဲ၊ ရန်ပဲဖြစ်ရမယ်။
အဲဒါကြောင့် သေချာကျန၊ သိမ်းဆည်းကြပါကွယ်။
တောက်ခေါက်သံ(၁၀)ချက်
၁။ငယ်စဉ်ကပင် ပညာသင်၊ မသင်နောင်တ တောက်ခေါက်ရ။
၂။စီးပွားဥစ္စာ ရှာချိန်မှာ၊ မရှာနောင်တ တောက်ခေါက်ရ။
၃။ နှစ်ဦးချစ်ခြင်း ဖြိုဖျက်ခွင်း၊ မယွင်းနောင်တ တောက်ခေါက်ရ။
၎။ သတ်ပုတ်ညုဉ်းဆဲ ထိုသူလဲ၊ မစဲနောင်တ တောက်ခေါက်ရ။
၅။ သူကြင်မယား လွန်ပြစ်မှား၊ ကြီးမားနောင်တ တောက်ခေါက်ရ။
၆။ ဥစ္စာပေါသူ မပေးလှူ၊ ထိုသူနောင်တ တောက်ခေါက်ရ။
၇။ မိဘကိုပင် မကျွေးချင်၊ သေလျှင်နောင်တ တောက်ခေါက်ရ။
၈။ သူကောင်းကျမ်းတတ်၊ မဆည်းကပ်၊ မှတ်လေနောင်တ တောက်ခေါက်ရ။
၉။ အမြတ်တရား၊ မကျင့်ငြား၊ ကြီးမားနောင်တ တောက်ခေါက်ရ။
၁၀။ ကုသိုလ်ကောင်းမူ ဘာတစ်ခု၊ မပြုနောင်တ တောက်ခေါက်ရ။
No comments:
Post a Comment