မင်္ဂလာဆိုသည်မှာ
ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့ကို ပူဇော်ခြင်းသည်
ထိုသို့ပူဇော်ခြင်းအား ပြုကျင့်သောသူအားလုံးအဘို့ ကောင်းမြတ်သည့် မင်္ဂလာတပါး ဖြစ်ပေ၏။
အမှန်စင်စစ်-ပူဇော်ထိုက်သောပုဂ္ဂိုလ်တို့ဆိုသည်မှာ “ဘုရား, တရား, သံဃာ, မိဘများ, ဆရာသမားများ,
အသက်ကြီးသူများ” စသည်တို့ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော်
---------
ဗုဒ္ဓ
-လို့ခေါ်တဲ့- ဘုရားရှင်သည် မရေမတွက်နိုင်အောင် များပြားလှသည့် ကပ်ကမ္ဘာများစွာတိုင်တိုင်
ပါရမီ ၁၀ - ပါး အကျင့်များကို ဖြည့်ကျင့်ခဲ့၍ ၊ နောက်ဆုံးတွင် “သတ္တဝါတွေကို ဆင်းရဲဒုက္ခအလုံးစုံမှ
ကယ်တင်ပေးနိုင်သည့်” သဗ္ဗညုတဉာဏ်တော် (ဝါ) ဗုဒ္ဓ = ဘုရားအဖြစ်ကို ရရှိတော်မှုခဲ့၏။ တိုဘုရားရှင်သည်
၄၅ - နှစ်တိုင်တိုင် အိန္ဒိယနိုင်ငံအတွင်းရှိ အရပ်ဒေသများစွာသို့ ဒေသစာရီ လှည့်လည်ကြွချီကာ၊
လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကောင်းကျိုးအတွက် ဖြူစင်ကောင်းမြတ်- စစ်မှန်သည့်တရားတော်များကို
နေ့ရော-ညပါ, မနေမနား ဟောပြောပြသတော်မူခဲ့ပေ၏ ။ ဤနည်းအားဖြင့် ဘုရားရှင်သည် သန်းပေါင်းများစွာသော
လူနတ်ဗြဟ္မာ သတ္တဝါ တို့ကိုဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်ပေးခဲ့သဖြင့်၊ သတ္တဝါတွေအပေါ် ဘုရားရှင်ထားရှိသည့်
မေတ္တာတော်, ကရုဏာတော်တို့မှာ ဖေါ်မပြနိုင်လောက်အောင် ကြီးမားလှပေသည်။ ထို့ကြောင့် ဘုရားရှင်သည်
ကမ္ဘာလောကထဲရှိ သတ္တဝါ အားလုံး၏ ပူဇော်အထူးကို ခံတော်မူထိုက်ပါပေသည်ဟုဆိုလျှင် အသင် လက္ခံမည်လော။
ဓမ္မဆိုသော
တရားတော် - ဟူသည်လည်း ထိုဘုရားရှင်က ရှာဖွေတွေ့ရှိအပ်, မျက်မှောက်ပြုအပ်, ဟောကြားအပ်သော
မှန်ကန်-ကောင်းမြတ်သည့်တရားတော်မျိုး ဖြစ်၏ ။ ထိုတရားတော်သည် ”သီလ= ကောင်းမွန်သည့် ကိုယ်ကျင့်တရား, သမာဓိ= စိတ်၏တည်ကြည်-တည်ငြိမ်မှု, ပညာ = ထိုးထွင်းသိမှု” (တနည်း) “ ဒါန= ပေးကမ်းလှူဒါန်းမှု, သီလ= ကောင်းမွန်သည့်ကိုယ်ကျင့်တရား,
ဘာဝနာ= စိတ် ( သမာဓိ) နှင့် အသိဉာဏ်ကို တိုးတက်အောင်ကျင့်ကြံမှု ” များပါဝင်၍ ၊ လူနတ်ဗြဟ္မာ
သတ္တဝါတို့၏ ပူဆွေးသောက, ဆင်းရဲဒုက္ခတို့ကို ပယ်ဖျောက်ပေးရကား၊ ထိုသူတို့ကို အေးငြိမ်းခြင်း
ပျော်ရွှင်ချမ်းမြေ့ခြင်းသို့ ပို့ဆောင်ပေးလေသည်။ ထိုတရားတော်မှာ ကြီးမားလှသည့် တန်ခိုးအာနုဘော်ရှိသောကြောင့်
ထိုတရားတော်ကို ကျင့်ကြံအားထုတ်ကြသော ပုဂ္ဂိုလ်တို့အား ချမ်သာအပေါင်းနှင့် ပြည့်စုံသော
နတ်ပြည်- ဗြဟ္မာပြည်များသို့ ပို့ဆောင်ပေးပြီး၊ အဆုံးစွန်၌ ပဋိသန္ဓေနေရခြင်း- အိုရခြင်း၊
နာရခြင်း၊ သေရခြင်းစသော ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ပို့ဆောင်ပေးလေသည်။
သို့ဖြစ်၍ တရားတော်သည်လည်း ကမ္ဘာလောကကြီးအား ကျေးဇူးများလှ၍ သတ္တဝါအားလုံး၏ ပူဇော်အထူးကို
ခံတော်မူထိုက်ပါပေ၏- ဟုဆိုလျှင်ကော အသင် မည်သို့ ငြင်းဆန်မည်နည်း။
သံဃာတည်း
- ဟူသော ဘုရားရှင်၏ တပည့်သား သာဝကတို့သည် ဘုရားရှင်ဟောကြားထားခဲ့သော “ဓမ္မ” ဟုခေါ်သော
တရားတော်များကို သင်ယူလေ့လာ-လက်တွေ့ ကျင့်သုံးခြင်းအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည့်အပြင်၊
သတ္တဝါအပေါင်းတို့အား ” ကြီးပွားတိုးတက်ခြင်း, အေးငြိမ်းခြင်း, ပျော်ရွှင်ချမ်းမြေ့ခြင်း”
တို့ကို ရရှိဘို့အတွက် ဟောကြားပြသပေးကြပေသည်။ ထို့ကြောင့် သံဃာတော်အရှင်မြတ်တို့သည်လည်း
“ ဘုရား, တရားကဲ့သို့ပင်” ကမ္ဘာလောကထဲရှိ “ ကိုယ်ဆင်းရဲမှု” ၊ စိတ်ဆင်းရဲမှုစသော ဒုက္ခလှိုင်းတံပိုးများထဲ၌
ရုန်းကန်နေကြသည့် သတ္တဝါအပေါင်းအား အလွန်ကျေးဇူးများလှသဖြင့် လူ့လောကကြီးအဘို့ ကုသိုလ်ကောင်းမှုပြုရာ
အတုမရှိသည့် လယ်ယာမြေကောင်းသဖွယ် ဖြစ်ပေသည်။ ထို့ကြောင့် သံဃာတော်အရှင်မြတ်တို့သည်
လောကအတွင်းရှိ လူသားအားလုံး၏ ပူဇော်အထူးကို ခံတော်မူထိုက်ပါပေ၏ဆိုသည်ကိုတော့ အပြည့်အဝ
ထောက်ခံလိမ့်မည်ဟု ယုံကြည်မိပါသည်။
ဆရာများဆိုသည်မှာ
- ရဟန်းဖြစ်စေ, လူဝတ်ကြောင်ဖြစ်စေ ဆရာဟူသမျှတို့သည် ပြည်သူအပေါင်းအား အသိပညာ အတတ်ပညာကို
သင်ပေးကြသည်သာမက၊ ထိုသူတို့၏ ကောင်းမွန်သည့် အကျင့်စာရိတ္တများကိုပါ ပုံသွင်းပေးနိုင်ကြပေသည်။
ဆရာတို့သည် နိုင်ငံသားလူမျိုးများကို ပြုစုပျိုးထောင် တည်ဆောက်ပေးသူများဖြစ်သည်သာမက
၊ ပြည်သူတို့၏ အကျင့်စာရိတ္တကောင်းများကို မြှင့်တင်ပေးသူများလည်း ဖြစ်ကြ၍၊ နိုင်ငံနှင့်လူမျိုး၏
အနာဂတ် ကြီးကျယ်မြင့်မြတ်မှုသည် ထိုဆရာများအပေါ်၌ များစွာမူတည်သည်မှာ ထင်ရှားလှပေသည်။
သို့ဖြစ်၍ ဆရာသမားများသည် ပြည်သူအားလုံး၏ ပူဇော်အထူးကို ခံထိုက်ကြပေသည်- ဟုဆိုလျှင်ကော
အသင်မည်သို့ ဆန္ဒရှိမည်နည်း။
မိဘများ
ဆိုသည်မှာတော့ အထူးပြောစရာလိုမည်မထင် သားသမီးတို့ကို မွေးမြူစောင့်ရှောက်ပေးခဲ့သည့်အပြင်၊
ယင်းတို့၏ လက်ဦးပထမ တကယ့်လက်ရင်းဆရာများ ဖြစ်ပေသည်။ ထိုမိဘတို့သည် မိမိတို့၏ “အသက်-စည်းစိမ်ဥစ္စာ-
ကျန်းမာရေး” ကို စွန့်လွတ်ပြီး၊ မိမိတို့၏ ချစ်လှစွာသော သားငယ်သမီးငယ်များအား ချစ်ခင်-ယုယ-ကာကွယ်စောင့်ရှောက်
ပေးခဲ့ကြပေသည်။ သို့ဖြစ်၍ မိဘများသည် သားသမီးတို့၏ ပူဇော်အထူးကို ခံထိုက်ပေသည်။ ထို့အတူပင်
အကျင့်စာရိတ္တဆိုင်ရာ သင်ပေးပြသပေးမှုနှင့် အကူအညီအမျိုးမျိုးကို ပေးကြသော အုပ်ချုပ်ပေးသူများ,
အသက်ကြီးသူများလည်း ဆိုင်ရာပုဂ္ဂိုလ်တို့၏ ပူဇော်အထူးကို ခံထိုက်ကြပေသည်။
ရိုသေထိုက် ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့အား
ရိုသေလေးစား ပူဇော်ကြသော ပုဂ္ဂိုလ်တို့သည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း-
ကိုယ်အားဉာဏ်အား ကြီးမားခြင်း ဟူသော အကျိုးထူး တေရားလေးပါးတို့ကို ရရှိလိမ့်မည်ဟူ၍
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် အသင်စာရှုသူ သည်လည်း ဤမြင့်မြတ်သည့်
တာဝန်ဝတ္တရားများကို ဖြည့်ကျင့်လုပ်ဆောင်ပါလျှင် ဤလူလောကကြီးသည် ကြီးပွါးတိုးတက်- အေးငြိမ်းသာယာ-
ပျော်ရွှင်ချမ်းမြေ့ခြင်း တို့နှင့် ပြည့်စုံသော နေရာဌာနကြီးတစ်ခု ဖြစ်လာပါလိမ့်မည်ဟု
မုချဧကန် ယုံကြည်မိပါ၏။
အရှင်မဏ္ဍလ၊သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၊ သတင်းနှင့်ပြန်ကြားရေး-၀၉၄၅၀၀၀၁၆၉၁
No comments:
Post a Comment