အသင်စာရှုသူသည်
ဗုဒ္ဓဘာသာဝင်ကောင်းတဦး ဖြစ်လိုပါက မိမိ၏ စိတ်ပိုင်း-ဓမ္မပိုင်းဆိုင်ရာ တိုးတက်မှုအတွက် ရှေးဦးစွာ“ဘုရား, တရား , သံဃာ” တည်းဟူသော ရတနာသုံးပါးတို့ကို “ဤကမ္ဘာတွင် တွေ့ကြုံခဲလှသည့် အမြတ်ဆုံး ရတနာများ”ဟူ၍ မြဲမြံစွာ ယုံကြည်လျှက် ကိုးကွယ်ဆည်းကပ်သင့်ပေသည်။ ယင်းသို့ဆည်းကပ်သင့်ခြင်း၏ အကြောင်းပြချက်များကို အောက်တွင် အနည်းငယ်လေး ရှင်းပြချင်ပါသည်။
(၁) ဗုဒ္ဓ-ဆိုတာ
---မရေမတွက်နိုင်အောင် များပြားလှသော လွန်ခဲ့သည့် ရှေးရှေးကပ် ကမ္ဘာကာလ၌ ဂေါတမဘုရားအလောင်းတော်သည် “ဒီပင်္ကရာ” ဘုရားရှင်၏ ထံတော်ပါးတွင် ပါရမီများနှင့် ပြည့်စုံသည့် ဈာန်ရ-ရသေ့တပါး ဖြစ်ခဲ့သည်။ သို့ရာတွင် သူသည် ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့ပြီး သတ္တဝါအများကို ကယ်တင်ပေးနိုင်သည့် “ဗုဒ္ဓ” ခေါ် သဗ္ဗညုဘုရားရှင်အဖြစ်ကို ရယူရန် ဆုံးဖြတ်ခဲ့ပေသည်။ အဘယ့်ကြောင့်ဆိုတော် သူသည် နိဗ္ဗာန်သို့ မိမိတစ်ဦးတည်းသာ ဝင်ရောက်ရန် အလိုမရှိပဲ၊ အခြားသတ္တဝါတွေကိုပါ နိဗ္ဗာန်သို့ ပို့ဆောင်လိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတ္တဝါတွေ အပေါ်၌ သူ၏ သနားကြင်နာခြင်း “ကရုဏာတော်” သည်ဖေါ်မပြနိုင်လောက်အောင်ကိုပင် ကြီးမားလှကြောင်း ထင်ရှားပေသည်။ သူသည် “သဗ္ဗညု-ဗုဒ္ဓ” ဖြစ်ဘို့ရန်အတွက် ပါရမီတော်တွေ အားလုံးကို ဖြည့်ကျင့်ဆည်းပူးခဲ့ပေသည်။ သူသည် “သဗ္ဗညု-ဗုဒ္ဓ” ဖြစ်လာသောအခါ သတ္တဝါတို့၏ အကျိုးစီးပွါးအလို့ငှာ သစ္စာလေးပါးမြတ်တရားတော်များကို ဟောကြားပြသရန် ၄၅-နှစ်တိုင်တိုင် တနေရာမှ တနေရာသို့ နေရာအနှံ့ ဒေသစာရီ ကြွတော်မှုခဲ့ပေသည်။ သူသည် လူနတ်ဗြဟ္မာ သတ္တဝါတို့အား ရှောင်ကြဉ်ရမည့် တရားများနှင့် ကျင့် ကြံအားထုတ်ရမည့် တရားများကို နေ့ရောညပါ ဟောပြောပြသ ဆိုဆုံးမခဲ့သောကြောင့် ထိုလူနတ်ဗြဟ္မာတို့၏ “လမ်းညွှန်ပြ” ဆရာမြတ်တစ်ဆူ ဖြစ်တော်မှုခဲ့ပေသည်။ သူသည် နတ်ပြည်-ဗြဟ္မာပြည်သို့ ရောက်စေကြောင်း လမ်းကောင်း- လမ်းမှန်ကို၎င်း၊ အပါယ်ငရဲဘုံများသို့ ရောက်စေကြောင်း လမ်းဆိုး-လမ်းမှားကို၎င်း သတိပေး ညွှန်ပြတော်မှုခဲ့ပေသည်။ ထို့အပြင်သူသည် ပဋိသန္ဓေနေရခြင်း, အိုရခြင်း, နာရခြင်း, သေရခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲဒုက္ခအလုံးစုံမှ နောက်ဆုံးလွတ်မြောက်ရာဖြစ်သော, ထာဝရအေးငြိမ်းချမ်းသာရာဖြစ်သည့် “နိဗ္ဗာန်”သို့ ရောက်စေကြောင်း အကောင်းမြတ်ဆုံးလမ်းကိုလည်း ညွှန်ကြားပြသခဲ့ပေသည်။။ သူသည် ရဟန်းရှင်လူများ ပါဝင်သည့် မိမိ၏ တပည့်သာဝကများကို စည်းရုံးဖွဲ့စည်းခဲ့ပေသည်။ ထို့အပြင် မိမိ၏ တရားတော်များအား လေ့လာသင်ကြားခြင်း, ကျင့်ကြံအားထုတ်ခြင်း, ဟောကြားပြသခြင်းတို့ကို ဆက်လက်လုပ်ဆောင် သွားနိုင်ရန်အတွက် မိမိ၏ “ဓမ္မအမွေခံများ” ဖြစ်သည့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ “သံဃာအဖွဲ့အစည်း” ကိုလည်း တည်ထောင်ထားရစ်ခဲ့ပေသည်။ ထို့ကြောင့် ထိုဘုရားရှင်သည် သတ္တဝါအပေါင်းအား လွန်စွာကျေးးဇူးပြုပေးခဲ့သည့် ကျေးဇူးရှင်မြတ်ကြီးဖြစ်၍ ကျွန်ုပ်တို့၏ ရိုသေမြတ်နိုး လက်အုပ်မိုးပြီး ရှိခိုးပူဇော်မှုကို ခံတော်မှုထိုက်ပါပေသည် မဟုတ်ပါလော -----
(၂) ဓမ္မဆိုတာကတော့
--- ထိုဘုရားရှင်က ၄၅-နှစ်တိုင်တိုင် ဟောကြားတော်မှုခဲ့တဲ့ “ဓမ္မ=တရားတော်”ဟူသည် သတ္တဝါတို့အား မှန်သော-မှားသော အရာတို့ကို၎င်း၊ ကောင်းသော-မကောင်းသော အရာတို့ကို၎င်း လိုက်နာကျင့်သုံးရမည့်အရာ -ရှောင်ကြဉ်ရမည့် အရာတို့ကို၎င်း ညွှန်ကြားပြသထားပေသည်။ ထို“ဓမ္မ”သည် သင်ကြားလေ့လာဘို့ရန်သာမဟုတပ်ပါဘဲ၊ လိုက်နာကျင့်သုံးရန်လည်း ဖြစ်ပေသည်။ ဗုဒ္ဓဟောကြားတော်မှုခဲ့သော ထို“ဓမ္မ” သည် နှစ်ပေါင်း ၂၅၀၀-ကျော် ကြားညောင်းခဲ့ပေပြီ။ ထိုဓမ္မကို ပရိယတ္တိစာပေ ကျမ်းတတ် အဆက်ဆက်သော ဗုဒ္ဓဘာသာ ရဟန်းတော်တို့က မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ပေသည်။ ဗုဒ္ဓဘာသာမှာ “အကန်းယုံကြည်မှု” မျိုးကို လက်မခံပေ။ ဝေဘန်ဆန်းစစ်သည့် ဉာဏ်ပညာနှင့် ယှဉ်တွဲပါရှိသည့် “ယုံကြည်မှု” မျိုးကိုသာ လက်ခံထားရှိသည်။ ဗုဒ္ဓ၏ ဓမ္မသည် (ဝါ) ဗုဒ္ဓဘာသာသည် နိဗ္ဗာန်သို့ ရောက်ဘို့ရန် ကျင့်ဆောင်တက်လှမ်းရမည့် ခြေလှမ်း ၃-လှမ်း(လှေခါးသုံးထစ်) အပေါ်၌ လွန်စွာအလေးပေးထားလေသည်။ ယင်းတို့ကား “သီလ” =ကောင်းသောကိုယ်ကျင့်တရား, သမာဓိ= စိတ်၏တည်ကြည်-တည်ငြိမ်မှု, ပညာ=သဘာဝတရားကို ထိုးထွင်းသိမြင်မှုတို့ ဖြစ်သည်။ တနည်း- ဒါန= ပေးကမ်းလှူဒါန်းခြင်း, သီလ=ကောင်းသောကိုယ်ကျင့်တရား, ဘာဝနာ =“သမာဓိနှင့်ပညာ” တို့ကို တိုးတက်ပွါးများအောင် အားထုတ်မှုတို့ဖြစ်သည်။ ထိုဓမ္မမှာ ကောင်းသော- မကောင်းသောတရား ၂-မျိုးလုံး ပါဝင်သည်။ ကောင်းသည့်တရားများကို ကျင့်ကြံအားထုတ်ကြသူတို့သည် ချမ်းသာသုခနှင့် ပြည့်စုံသော နတ်ပြည်-ဗြဟ္မာပြည်-နိဗ္ဗာန်သို့ ဧကန်ရောက်ရှိမည်ဖြစ်ပြီး၊ မကောင်းသည့် တရားများကို ပြုကျင့်ကြသည့် သူတို့မှုကား ဆင်းရဲဒုက္ခနှင့် ပြည့်နေသည့် ငရဲဘုံ- အပါယ်ဒုဂ္ဂတိဘုံများသို့ ဧကန်ရောက်ရှိမည်ဖြစ်သည်။ ထိုဓမ္မသည် ကျွန်ုပ်တို့ ကောင်းကျိုးများ-ရရှိဘို့အတွက် လိုက်နာကျင့်သုံးရမည့် လမ်းမှန်ကို ညွှန်ကြားပြသပေးသောကြောင့် သတ္တဝါတို့အား လွန်စွာကျေးဇူးပြုပေးသည့် ကျေးဇူးရှင်မြတ်ကြီးဖြစ်၍ ကျွန်ုပ်တို့၏ ရိုသေမြတ်နိုးလက်အုပ်မိုးပြီး ရှိခိုးပူဇော်မှုကို ခံတော်မှုထိုက်ပါပေသည်- မဟုတ်ပါလော----
(၃) သံဃာဆိုသည်မှာ
--- ဗုဒ္ဓသည် မိမိဟောကြားတော်မူခဲ့သည့် တရားတော်များကို သင်ယူလေ့လာရန်, ကျင့်ကြံအားထုတ်ရန်, သတ္တဝါတို့အား ဟောကြားပြသရန် ရဟန်းတပည့်သာဝကများ၏ သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင် ထားခဲ့ပေသည်။ ထိုရဟန်းတော်တို့တွင် များစွာတို့သည် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ အရိယာပုဂ္ဂိုလ်များဖြစ်အောင် ကျင့်ကြံအားထုတ်နေကြသည်။ ထိုရဟန်းတော်တို့်သည် မြို့ရွာများ၌ဖြစ်စေ, တောတောင်များ၌ဖြစ်စေ နေထိုင်ကြလျက်၊ အများစုသည် မိမိတို့အကျိုးစီးပွါး, သူတပါးတို့၏ အကျိုးစီးပွါးအတွက် ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ဓမ္မကို သင်သူလေ့လာခြင်း, ကျင့်ကြံအားထုတ်ခြင်း, ဟောကြားပြသခြင်းတို့၌ အချိန်အများဆုံးကို အသုံးချကြသည်။ ထိုသူတို့သည် “သီလ, သမာဓိ, ပညာ” (သိက္ခာသုံးပါး) ကဲ့သို့သော ဂုဏ်ကျေးဇူးများနှင့် ပြည့်စုံကြပေသည်။ သူတို့၏ စိတ်နှလုံးများသည် စိတ်၏အညစ်အကြေး အားလုံးမှ ကင်းရှင်းကြသောကြောင့် လုံးဝသန့်ရှင်း စင်ကြယ်ကြပေသည် ။ သူတို့သည် စိတ်ပိုင်း-ဓမ္မပိုင်းဆိုင်ရာ တွေ့ကြုံသိရှိမှုများ ရှိသောကြောင့် မှန်သော-မှားသောအရာ တို့ကို၎င်း , လိုက်နာကျင့်သုံးရမည့်အရာ- ရှောင်ကြဉ်ရမည့်အရာတို့ကို၎င်း, အောက်အပါယ် “ဒုဂ္ဂတိ” ဘုံများ-အထက်သုဂတိဘုံများ-နိဗ္ဗာန်သို့ ရောက်စေကြောင်းလမ်းကောင်းကို၎င်း ကိုယ်တိုင်သိရှိပြီး သူတပါးတို့အားလည်း ညွှန်ကြားပြသပေးကြသည်။ ထိုသူတော်စင် ရဟန်းတော်တို့အား လုပ်ကျွေးပြုစုကြသူတို့သည် ထိုသူတော်စင်တို့ တွေ့ထိခံစားအပ်သော ဓမ္မထဲပါ အဆီအနှစ်၏ ဝေစုကောင်းကို ရရှိနိုင်သည်။ ထို့ကြောင့် ထိုရဟန်းတော်တို့သည် သတ္တဝါတို့အား လွန်စွာကျေးဇူးပြုပေးသည့် ကျေးဇူးရှင်ကြီးများဖြစ်၍ ကျွန်ုပ်တို့၏ ရိုသေမြတ်နိုး လက်အုပ်မိုးပြီး ရှိခိုးပူဇော်မှုကို ခံတော်မူထိုက်ကြပါပေသည်။
ထို့ကြောင့်-
ဗုဒ္ဓဿ ပူဇံ မဟာတေဇဝန္တော = ဗုဒ္ဓအားပူဇော်သောသူသည် ဘုန်းတန်ခိုးကြီမားပေ၏။
ဓမ္မဿ ပူဇံ မဟာပညဝန္တော = ဓမ္မအား ပူဇော်သောသူသည် ဉာဏ်ပညာ ကြီးမားပေ၏။
သံဃဿ ပူဇံ မဟာဘောဂဝန္တော = သံဃာအား ပူဇော်သောသူသည် ကြွယ်ဝ ချမ်းသာ၏တဲ့---
သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး ဖြစ်လိုသောသူတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော လောကုတ္တရာ ရတနာမြတ်သုံးပါးကို အမြဲမပျက် ကိုးကွယ်ဆည်းကပ်နိုင်ကြပြီး၊ ဘဝရဲ့ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်စေလျှက် ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံနိုင်ပါစေရန် ရည်စိတ်သန်ပြီး မေတ္တာရှေ့ထားကာ ရေးသား ဖော်ပြလိုက်ပါသည်။
အရှင်မဏ္ဍလ
No comments:
Post a Comment